ရန်ကုန် သြဂုတ် ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ရည်ရွယ်ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးသိန်းက “ ဒလမြို့နယ်မှာ မဲပေးခွင့်ရှိသူ ပေါင်း ၁၂၀၀၀၀ ကျော်ရှိ တယ်၊ မဲဆန္ဒရှင်စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေနဲ့ မြို့နယ် ဌာနဆိုင်ရာများ၊ ပံ့ပိုးကူညီရေးအဖွဲ့တို့ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်၊ ဆန္ဒမဲပေးခွင့် ရှိသူတွေထဲမှာ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေပါမယ်၊ မသန်စွမ်း မဲပေးခွင့်က စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်၊ သူတို့အတွက် လည်း အခက်အခဲမဖြစ်အောင် နီးစပ်ရာမှာ ဝှီးချဲများ ထားရှိပေးမှာဖြစ်ပါတယ်၊ မသန်စွမ်းသူတွေ လာတဲ့အခါမှာ မဲပေးနိုင်အောင် အရေးပေါ် အခန်းလေးတွေကို မဲရုံတိုင်းမှာ စီစဉ်ဆောင်ရွက်ထားရှိပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ဒလမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၂၉၂၃ ဦး၊ ပုံစံ(၄) ဖြင့် ကန့်ကွက်တင်ပြသူ ၁၀၁၈ ဦး နှင့် ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ ၃၅၉၂ ဦး တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။
“ မိမိမဲပေးရမယ့် ဒီမိုကရေရှင်သန်ရေးအတွက် ကိုယ်ကြိုက်နှစ်သက်ရာကို မဲပေးကြပါ၊ မဲပေးခြင်း အားဖြင့် နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်ကို ဆောင်နိုင်မှာဖြစ်ပါတယ်၊ မဲဆန္ဒရှင်များအနေဖြင့် ကိုယ်မဲပေးခွင့် အမည်စာရင်း ပါရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်သောအားဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ဆန္ဒမဲများ လာရောက်ပေးကြပါလို့ တိုက်တွန်းပြောကြားအပ်ပါတယ် ” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးသိန်းက ဆက်လက် ၍ ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိရာ၊ မဲရုံပေါင်း ၁၈၂ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)