လှည်းကူးမြို့တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှည်းကူး  သြဂုတ် ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန် မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲက လှည်းကူးမြို့မဈေးအတွင်း လူစည်ကားရာနေရာများ ဖြစ်သော ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစီး(Mask)များ တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း တို့ ဦးဆောင်၍ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ ဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက် အပေါက် နေရာများတွင် လမ်းသွားလမ်းလာများအား နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသား များ အား နှာခေါင်းစီး (Mask)များတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက် လာပါက နှာခေါင်းစီး(Mask)များတပ်ဆင်ပြီးမှသွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် သတ်မှတ် ဦးရေထက် ပိုမိုစုဝေးခြင်းမပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)