ပုဇွန်တောင်မြို့နယ် ဩဂုတ် ၂၇
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် ယမန်နေ့ ညနေ(၃) နာရီခွဲအချိန်က ပုဇွန်တောင် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲဝင်သည့် ပါတီ အားလုံးကို တန်းတူအခွင့်အရေးရရှိရေး၊ ခိုင်ခန့်သောမဲရုံများ ဖြစ်စေရန်နှင့် မရှိပါက ယာယီမဲရုံများ ဆောက်လုပ်ရန်၊ နိုင်ငံတကာ အဆင့်မီ မဲရုံများ ဖြစ်ရန် လိုအပ်ကြောင်း၊ ဆောက်လုပ်ရန် နေရာအခက်အခဲ ရှိပါကတင်ပြရန်၊ မဲဆန္ဒရှင်များ မဲပေးရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရန်အထူး လိုအပ် ကြောင်း၊ မြေညီထပ်များတွင် ထားရှိပြီး လိုအပ်သည်များကို ပြင်ဆင်ထားရန်၊ ပွင့်လင်း မြင်သာပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုးစားကြရမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောနိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင် နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့က ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို ပုဇွန်တောင်မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ကော်မရှင်အဖွဲ့ဝင်များ စုစုပေါင်း(၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)