ကျောက်ဆည်မြို့နယ်တွင် ထွန်စက်နှင့်တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာ စမ်းသပ်သရုပ်ပြ

ကျောက်ဆည် ဩဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) ကျောက်ဆည်မြို့မှ သုတေသနပြုစမ်းသပ်ထုတ်လုပ်ထားသော စပါးအတန်းလိုက်စိုက်ခင်းများတွင် ကြားပေါင်းလိုက်ပေးခြင်း၊ စပါးကြဲခင်းများတွင် လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် ရောဂါပိုးမွှားကင်းစင်စေရန်အတွက် အတန်းလိုက်ကောက်ပင်လိုင်းများ ဖော်ပေးခြင်းများဆောင်ရွက်ပေးနိုင်သည့် ထွန်စက်ကြီးဖြင့် တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာအား ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငှက်ကတောင်ကျေးရွာရှိ တောင်သူဦးတူး၏ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစိုက်ကွင်း၌ စမ်းသပ်သရုပ်ပြမောင်းနှင်ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ လာရောက်ကြည့်ရှုကြသော ဒေသခံတောင်သူများအား မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) မှ ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာရှိ တောင်သူဦးတင်အောင်စိုး၏ စပါးကြဲပက်စိုက်ခင်း (၃ဒသမ၅)ဧကနှင့် ဌက်ကတောင်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ စပါးကြဲပက်စိုက်ခင်း (၁) ဧကတို့တွင် အတန်းလိုက် ကောက်ပင်လိုင်းများဖော်ပေးခြင်းလုပ်ငန်းအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တောင်သူများအနေဖြင့် အဆိုပါစက်ကိရိယာများအသုံးပြု၍ လုပ်ငန်းများဆောင်ရွက်လိုပါက မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ(အင်းကုန်း)နှင့် အမှတ်(၈၁)စက်မှုလယ်ယာစန်း၊ ကျောက်ဆည်မြို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက ပြောကြားခဲ့သည်။

ခရိုင်(ပြန်ဆက်)