“ဒုတိယဆီအိုး ဖြိုးလျှံတိုးအောင်၊ ကြံဆောင်မနှေး၊ ပြည့်ရှေ့ရေး”

ပင်လယ်ပြာပြာ၊ စိမ်းညို့ညို့တောင်တန်း၊ စိမ့်စမ်းရေတံခွန်အသွယ်သွယ်ဖြင့် သဘာဝရေမြေ အနေအထားအရ ရှုမဝအောင်လှပနေသည့် ဒက္ခိဏတိုင်းဌာနေ၊ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်း ကမ်းရိုး တန်းမြေ မဟီတနင်္သာရီ၊ ဤဒေသ၏ နယ်ခြားစည်းရိုး ကော့သောင်းမြို့သို့ အရောက်သွားရာ လမ်းတစ်လျှောက်တွင် ဆီအုန်းပင်များ အစီအရီစိုက်ပျိုးထားပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ့စပါးကျီအဖြစ် ထင်ရှားသလို ဆီအိုးကြီးအဖြစ် ပဲ၊ နှမ်း၊ ပြောင်း အထွက်များသော မကွေးတိုင်းဒေသကြီးကို တင်စားထားပါသည်။ ဤသို့ဆိုလျှင် ဆီအုန်းပင်များစွာ ဖြစ်ထွန်းပေါက်ရောက်နေသော တနင်္သာရီတိုင်းဒေသကြီးသည် ဒုတိယဆီအိုးကြီးအဖြစ် မှတ်ကျောက်တင်နိုင်ရန် အလားအလာကောင်းများစွာ ရှိပါသည်။

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့်မြင့်မားပြီး ပြည်ပမှနှစ်စဉ် စားအုန်းဆီတန်ချိန် များစွာတင်သွင်းခဲ့ရပါသည်။  (၂၀၂၀-၂၀၂၁)ခုနှစ်တွင် စားသုံးဆီတန်ချိန်(၈)သိန်းကျော် (အမေရိကန် ဒေါ်လာသန်း ရှစ်ရာ့သုံးဆယ်ကျော် ဖိုးခန့်) တင်သွင်းခဲ့ရသည်ဟု စစ်တမ်းများအရ သိရပါသည်။ ထိုသို့ နိုင်ငံခြားငွေ အဆမတန်ယိုဖိတ်မှုမှာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအဟန့်အတားဖြစ်ရပါ၏။ ပြည်တွင်းမှာပင် စိုက်ပျိုးထုတ်လုပ်နိုင်ပါလျက်နှင့် ပြည်ပမှ ဈေးကြီးပေးဝယ်ယူတင်သွင်းစားသောက် နေခြင်းမှာ နိုင်ငံခြားထွက်ကုန်ကိုမှ အထင်ကြီးခြင်းကြောင့်လော၊ ပြည်တွင်းထွက် စားသုံးဆီအရည် အသွေးစံမမီသောကြောင့်လော၊ ပြည်တွင်းထွက်ကုန်ပမာဏ မလုံလောက်၍လော၊ ပြည်တွင်းစားသုံး ဆီဈေးနှုန်း မြင့်တက်သောကြောင့်လော၊ ထို လော” ပေါင်းများစွာကို ဖြေရှင်းနိုင်ရန်မှာ ပြည်တွင်း ထွက်ကုန်အားကောင်းပြီး အရည်အသွေးစံချိန် မီရန်အရေးအကြီးဆုံးဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန် လူတစ်ဦးသည်တစ်ရက် လျှင်ဆီ(၁ဒသမ၈)ကျပ်သားမျှသာစားရန် လိုအပ်၏။ စားသုံးဆီကို အဓိက(၃)မျိုးခွဲခြားနိုင်ပါသည်။ မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့်အသွင်ပြောင်းဆီတို့ ဖြစ်ပါသည်။ မပြည့်ဝဆီသည်သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးစေ့ဆီ၊ ထောပတ်သီးဆီ စသည့် ဟင်းသီးဟင်းရွက်ဆီများဖြစ်ကြပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ ပြည့်ဝဆီတွင် ဝက်ဆီ၊ အမဲဆီ၊ ကြက်ဆီ၊ စားအုန်းဆီ၊ နို့နှင့် နို့ထွက်ပစ္စည်း စသည်တို့ပါဝင်ပြီး ကျန်းမာရေးကို အကျိုးပြုသည့် အဆီဓာတ်နှင့် အကျိုးမပြုသည့် အဆီဓာတ်ရောနှောပါဝင်သည်။ ပြည့်ဝဆီကို နည်းနိုင်သမျှနည်းအောင် ဂရုပြုစားသင့်ပါသည်။ စွမ်းအင်အာဟာရစားသုံးမှု စုစုပေါင်း၏ (၁၀)ရာခိုင်နှုန်း အောက် လျှော့စားရပါမည်။ အကြိမ်ကြိမ်ပြန်ကြော်ထားသောဆီများ၊ ပြန်လည်သန့်စင်ထားသော ဆီများသည် အသွင်ပြောင်းဆီအမျိုးအစားထဲတွင် ပါဝင်သည်။

ထိုပြောင်းလဲဆီများကို ရေရှည်စားသုံးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားစေသည့်အပြင် ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါသည်။ ထိုထက်ဆိုးရွားသည်မှာ စားသုံးရန်မသင့်သည့် ဆီများထဲတွင် မြေပဲ၊ နှမ်း၊ နေကြာအနံ့များထည့်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ကျန်းမာရေးထိခိုက်စေခြင်းပင်ဖြစ်ပါသည်၊ ဆီကိုအလွန်အကျွံစားသုံးလျှင် အဝလွန်ခြင်း၊ အသည်းအဆီ ဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါအမျိုးမျိုး၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ် ခြင်းတို့အပြင် ကင်ဆာရောဂါအထိဖြစ်နိုင်ပါသည်။ အဆီဓာတ်နည်းလျှင်မူ ကိုလက်စထရောဓာတ် လျော့ပါးနိုင်သဖြင့် လုပ်ငန်း ဆောင်တာများ ချို့ယွင်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။

ထို့အပြင် ပဲ၊ နှမ်း၊ နေကြာ၊ အုန်း စသည့်အစေ့အဆန်များမှ ထုတ်ယူသည့်ဆီများတွင် သိုလှောင်မှုစနစ် ချို့ယွင်းမှုကြောင့် မှိုပေါက်ပွားကာ မှိုဆိပ်(အာဖလာတော့ဆင်) ပါဝင်နိုင်ပါသည်။ ထိုမှိုဆိပ်ကို ရေရှည်စားသုံးမိလျှင် အသည်းကြွပ်ဆတ်ကာ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါသည်။ စားသုံးရန်မသင့် (ခွင့်မပြု)ဓာတုပစ္စည်းများ ရောထားသည့်ဆီများကို ရေရှည်ကြာမြင့်စွာ စားသုံးမိလျှင်လည်း အူမကြီးထိခိုက်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ အာရုံကြောပျက်စီးခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊

သူငယ်ပြန်ရောဂါ၊ သွေးကြောအဆီပိတ်ရောဂါများ ဖြစ်စေပါသည်။ ထို့ကြောင့် တန်ဆေး၊ လွန်ဘေးဆိုသလိုပင် ဆီလျှော့စားခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးပင်ဖြစ်ပါသည်။ တစ်ဖက်မှလည်း ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားအုန်းဆီပိုမိုထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရ ပါမည်။ ယခင်ကတည်းကပင်တော မပျက်၊ တောင်မပျက် စိုက်ပျိုးခဲ့ကြသော ဆီအုန်းပင်များကို တိုးချဲ့စိုက်ပျိုးကြရပါမည်။ အမျိုးမှန်မှအဖိုးတန် ဟူသည့်အတိုင်း ပျိုးပင်မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ရန် အထူးလိုအပ်ပါသည်။ စိုက်ပျိုးမြေအရည်အသွေးကိုလည်း စဉ်ဆက်မပြတ်စစ်ဆေး၊ ဖြည့်တင်းရမည်ဖြစ်ပါသည်။ ရေအလုံအလောက်ရရန်လည်း အလေးပေးရပါမည်။ သက်တမ်းကုန် အပင်များကို ဖယ်ရှားပြီး ပြန်လည်အစားထိုးစိုက်ပျိုးရန် လိုပါသည်။

သို့မှသာ ကုန်ကြမ်းပြတ်လပ်မှုမရှိနိုင်ပါ။ တစ်ဖက်တစ်လမ်းမှ ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်းဖြင့် ဆီအုန်းအထွက်တိုးအောင် ကြံဆောင်သလို စားသုံးဆီချောအဖြစ် ပြောင်းလဲထုတ် လုပ်ခြင်းတွင်လည်း စံချိန်မီနည်းစနစ်များ လိုအပ်ပါသည်။ ဆီအုန်းခိုင်များကို ခုတ်ပြီးဆီကြိတ်စက်ရုံများ သို့ပို့ဆောင်ရာတွင် လမ်းခရီးဝေးလွန်းသဖြင့် အချိန်ကြာမြင့်သွားပါက အုန်းဆီအရည်အသွေး ကျဆင်း သွားပါသည်။ ဆီကြိတ်စက်သည် ဆီအုန်းခြံများနှင့် နီးနိုင်သမျှအနီးဆုံးတွင် ရှိရပါမည်။ သို့မှသာ အုန်းပျိုးဆီ (Virgin Oil)ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များကိုလည်း အလွယ်တကူ ထုတ်လုပ်နိုင်မည် ဖြစ်၏။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်ဟုဆိုစေကာမူ နှမ်းတစ်တောင်းဖြင့်တော့ ဆီကြိတ်နိုင်ပါသည်။

ထို့အတူ စားအုန်းဆီထုတ်လုပ်ခြင်းအတွက် ဆီအုန်းပင်တိုးချဲ့စိုက်ပျိုးခြင်း၊ စံချိန်မီနည်းစနစ်များဖြင့် စားသုံးဆီ တိုးမြှင့်ထုတ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြမည် ဆိုလျှင် ဝမ်းစာအတွက် မပူမပင်ရမည့်အပြင် နိုင်ငံခြားထွက်ငွေကို စီးသည့်ရေဆည်သည့်ကန်သင်းကဲ့သို့တားဆီးနိုင်မည်ဖြစ်ပါသည်။ တစ်နိုင်တစ်ပိုင် စားသောက် ကုန်ထုတ်လုပ်ငန်းမှတစ်ဆင့် အကြီး စားစက်မှုစီးပွားရေးလုပ်ငန်းအထိ လှမ်းတက်နိုင်ပါမည်။ ဒေသခံတို့၏ အခွင့်အလမ်းလည်း ကျယ်ပြန့် လာပါမည်။

တနင်္သာရီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး နဂိုရှိရင်းစွဲသယံဇာတအရင်းအမြစ်များ ကြွယ်ဝသည့်အတွက် အနာဂတ်မျှော်မှန်းချက်များစွာ ရှိသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ပညာရေးကို အားပေးကြစေလိုပြီး စနစ်ကျနသည့်စီးပွား ရေးလုပ်ငန်းများ ပေါ်ထွက်လာရေး ကိုအားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း။"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနင်္သာရီတိုင်းခရီးစဉ်(၁၃-၁-၂၀၂၂)တွင်လမ်းညွှန် မှာကြားခဲ့ ပါသည်။ ထိုသို့ဆိုမိန့်ခဲ့ သည့်အတိုင်း အဖိုးထိုက်တန်လှသည့် မြေဆီမြေနှစ်ကို စားအုန်းဆီပင်စိုက်ပျိုးရေးတွင် စနစ်တကျ အကျိုးရှိအောင် အသုံးချမည်ဆိုပါက မြေကြီးမှရွှေသီး"လာမည်မှာ ဧကန်မလွဲပါတည်း။ ဤသို့လျှင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီကို ဒေသထွက်ကုန်အဖြစ် ဖူလုံစွာ စားသုံးနိုင်ပြီး နိုင်ငံ့စီးပွား၊ ပြည့်ခွန်အားအဖြစ် ကြွေးကြော်နိုင်ရန် ဆီအုန်းပင်များ ဆထက်တန်ပိုး စိုက်ပျိုးကာ အရည်အသွေးစံချိန်မီ စားသုံးဆီများထုတ်လုပ်ခြင်းဖြင့် စုပေါင်းကြံဆောင်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မိုင်သန်းနေ

XXX      XXX     Xox

ကိုးကား-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တနင်္သာရီတိုင်းခရီးစဉ် (၁၃-၁-၂၀၂၂)တွင် လမ်းညွှန်မှာကြားခြင်းများမှ ကောက်နှုတ်ချက်

-ဆီ၊ ဆီဆီ - အယ်ဒီတာ့အာဘော်(၁၁-၅-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ)

-အင်တာနက်သတင်း - google.com/ cooking palm oil ဆောင်းပါးရေးသားသူ- ဒေါ်မေသန်းနိုင် (FDA)(ကလောင်အမည်- မိုင်သန်းနေ)၀၉၇၈၁၀၁၇၂၆၁