ပြင်ဦးလွင်မြို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ် ၂၇

ပြည်သူများ ကိုဗစ် - ၁၉  ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယနေ့နံနက် (၉) နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းမှ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ်ဆေးရုံအုပ်ကြီး ‌ဒေါက်တာဝင်းပပဝင်းမှ ကျန်းမာရေးညွှန်ကြားချက်များအား ပူးပေါင်းလိုက်နာဆောင်ရွက်နိုင်ရေးနှင့် အဆင့်မြှင့်ရောဂါရှာဖွေရေးလုပ်ငန်းများကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခြင်းနှင့်မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ  ဦးသန်းဝင်းမှ လူစည်ကားရာနေရာများဖြစ်သည့် ဈေးများတွင် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ တည်းခိုခန်းများအား ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးကာလများတွင် ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေးခြင်း၊ မြို့အဝင်/အထွက်များတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာများနှင့် ရောဂါအဖြစ်များသည့်ဒေသများမှ လာရောက်သည့် ခရီးသွားပြည်သူများအား Facility Quarantine Centre များတွင် ကျန်းမာရေးစစ်ဆေးမှုများခံယူရမည်ဖြစ်ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)