မိုးမောက် သြဂုတ် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု−ဦးစီးမှူး ဦးမင်းမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတောက်ထွန်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်၍ (၁)ဧကလျှင် မျိုးစေ့ဖိုး(၈၅၀၀)ကျပ်၊ အပင်ပြုစုစောင့်ရှောက်ခ (၇၅၀၀၀)ကျပ်၊ မျိုးခွဲပယ် ဆောင်ရွက်ခ (၅၀၀၀၀)ကျပ်၊ မျိုးစေ့သန့်စင်ခ (၁၅၀၀၀)ကျပ် စုစုပေါင်း (၁၄၈၅၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်မည်ဖြစ်ကြောင်းနှင့် မိုးမောက်မြို့နယ်အတွင်း ကျေးရွာ(၉)ရွာ၊ ကွင်း(၇)ကွင်းမှ ဧက(၆၅)ဧက အတွက် စုစုပေါင်း(၉၆၅၂၅၀၀)တို့ကို ပေးအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါ ပေးအပ်ပွဲသို့ တက်ရောက်လာသော ကျောက်စခန်း ၊ လုံဂျာ၊ နန့်တိန်၊ မံပုံ၊ နွယ်လန်း၊ ပန်ချိုးဟိုင်၊ ဝက်ငင်းကျေးရွာများနှင့် ကြေးနန်း/အလင်းကောင်ရပ်ကွက်တို့မှ တောင်သူ(၁၄)ဦးတို့အတွက် တာဝန်ရှိ သူများက ပေးအပ်ရာ တောင်သူများမှ လက်ခံရယူကြကြောင်း သိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)