လှိုင်းဘွဲ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား မဖြစ်မနေလိုက်နာဆောင်ရွက်ရန်အတွက် ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ လူသွားလူလာများသော နေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Mask များ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အပြင်ထွက်တိုင်း Mask တပ်ဆင်လာခြင်းမရှိသည့် ပြည်သူများအား Mask တစ်ခုလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုစေခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)