ဒဂုံ ဩဂုတ် ၂၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလ အတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်း ထောက်ပံ့ပေးမည့်စာရင်း ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ လူမှုဝန်ထမ်း ဦးစီး ဌာနမှ စံပြရင်သွေးအိမ် ကျောင်းအုပ်ကြီး ဒေါ်ဇီဇဝါနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာရင်းကောက်ယူရာတွင် မြို့နယ်အလိုက် ဒေသန္တရကျန်းမာရေးဌာနများက ဩဂုတ်(၁၁)ရက်နေ့မှ စက်တင်ဘာ(၁၅) ရက်နေ့အထိ ဆောင်ရွက်ပေးမှာဖြစ်ပြီး မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ မကျန်ရှိစေရေး ရပ်ကွက်တာဝန်ခံများမှ တစ်ဆင့် နှိုးဆော် ထားကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက် ပေးခြင်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေ သည့် ကာလအတွင်း ကိုယ်ဝန် ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း စံပြရင်သွေးအိမ် ကျောင်းအုပ် ဒေါ်ဇီဇဝါက ပြောသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုယ်ဝန်ဆောင် မိခင်များအား လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ရေး Wave Money ငွေလွှဲစနစ်၊ ဘဏ်အကောင့်များမှ တစ်ဆင့် ငွေသားထုတ်ယူနိုင်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)