ပုဂံ-ညောင်ဦးမြို့ရှိ ဆေးအရောင်းဆိုင်များတွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းနှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရှောင်တခင်၀င်ရောက်စစ်ဆေး

ညောင်ဦး ဩဂုတ် ၂၇

ယခုရက်ပိုင်းအတွင်း ကိုဗစ် − ၁၉ ရောဂါ ပြည်တွင်းကူးစက်မှုတွေ များပြားလာသည့်အတွက် ဈေးကွက်အတွင်း နှာခေါင်းစည်းနှင့် Hand Gel များ ၀ယ်လိုအား မြင့်တက်လျက်ရှိရာ အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ သိရှိနိုင်စေရန် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှ လက်လီလက်ကားဆေးအရောင်းဆိုင်များသို့သွားရောက်ပြီး ရှောင်တခင်၀င်ရောက်စစ်ဆေးမှုများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနအနေဖြင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် ကြေညာထားပြီးဖြစ်ရာ အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့်၀န်ဆောင်မှုဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုလို ရှောင်တခင်၀င်ရောက်စစ်ဆေးမှုအတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ တွေ့ရှိပါက အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံးထောင်ဒဏ်(၃)နှစ်အထိ ချမှတ်သွားမည့်အပြင် ငွေကျပ် (၅) သိန်းထက်မပိုသောဒဏ်ငွေလည်း ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးရေးအဖွဲ့တွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမျိုးထွန်းဦးဆောင်သည့် ဌာနတွင်းဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ FDA နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)