ရွှေကူ သြဂုတ် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအဖွဲ့၏ TOT ရရှိသည့် ကျန်းမာရေး ဝန်ထမ်းများမှ စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ကျင်းပခဲ့သည်။
သင်တန်းတွင် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ကျန်းမာရေးကြီးကြပ်−၁ ဦးသန်းနိုင် က စေတနာ့ ဝန်ထမ်းများအား သင်တန်းပို့ချရာ၌ ကိုဗစ်−၁၉ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍများ၊ စေတနာ့ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်များ၊ ပြောဆိုဆက်သွယ် ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စိတ်လူမှု ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းဆိုင်ရာများနှင့် ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာများကို သင်ကြားပို့ချ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လူစုလူဝေး မဖြစ်စေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိကို သင်တန်းသား(၃၅)ဦးတစ်ဖွဲ့ခွဲ၍ မွန်းလွှဲ ၁ နာရီမှ ၃ နာရီခွဲအထိ သင်တန်းသား (၃၅)ဦးတစ်ဖွဲ့ စုစုပေါင်း သင်တန်းသား(၇ဝ)ဦးတို့အား သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)