မိုင်းခတ်မြို့နယ် ပင်းကွေလားဟူကျေးရွာ၌ ပြည်သူ့စကားဝိုင်း ကျင်းပ

မိုင်းခတ်  မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ ပင်းကွေလားဟူကျေးရွာရှိ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအတွင်းလိုအပ်သည်များတင်ပြဆွေးနွေးကြရန် အဖွင့်မိတ်ဆက်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ယာဉ်အန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုး၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်ကျော်က ကျေးလက်မီးလင်းရေးနှင့် သောက်သုံးရေရရှိရေးကိုလည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးက ပညာရေး ပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအားလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်သူများက ကျေးရွာအတွင်း မွေးမြူထားသော တိရစ္ဆာန်အတွက် ကာကွယ်ဆေးထိုးနှံခွင့်အစီအစဉ်၊ မီးဘေးအန္တရာယ်နှင့်  ကျေးရွာလမ်း အဝင်၊ အထွက်များ ချဲ့ထွင်ခြင်း အစီအစဉ်များ၊ ကျေးရွာတွင်ဖွင့်လှစ်ထားသော ကျောင်းမြေနေရာများ မြေညှိ၊ ချဲ့ထွင်ခြင်း ဆောင်ရွက်ပေးရေးများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။

မိုးဒေ(ပြန်/ဆက်)