မူဆယ်မြို့တွင် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ်

မူဆယ် မတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်မှ ဦးစီး၍ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅)မိုင်၊ မိုင်းယု၊ စိုက်ပျိုးရေးရုံးဝန်း၌ ပြုလုပ်ကျင်းပသည်။

တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ဂိတ်များသို့ တင်သွင်းလာသည့် မှတ်ပုံတင်ထားသော မြေဩဇာများ၏ အရည်အသွေးများကို စံချိန်စံညွန်းနှင့်အတူ ကိုက်ညီမှုရှိ/မရှိတို့ကို ဓာတ်ခွဲ စစ်ဆေးနိုင်ရန်၊ စိုက်ပျိုးမြေနှင့် ရေချဉ်၊ ငံနှုန်းများ၊ မြေဆီလွှာတွင် ပါဝင်သည့် အပင်အာဟာရ ဓာတ်များကို ဓာတ်ခွဲစစ်ဆေးရန်နှင့် တရုတ်နိုင်ငံ၊ တစ်ဖက်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များသို့ တင်သွင်းလာသော မှတ်ပုံတင်ထားသည့် မျိုးစေ့များ၏ အရည်အသွေး၊ လက္ခဏာနှင့် မျိုးသန့်စင်မှု၊ အရည်အသွေးပြည့်မီမှုရှိ၊ မရှိစစ်ဆေးနိုင်ရန် ရည်ရွယ်၍ မူဆယ်မြို့၌ ဓာတ်ခွဲခန်းကို ဖွင့်လှစ်ရခြင်း ဖြစ်သည်။

“မူဆယ်မြို့မှာ ယခုလိုဓာတ်ခွဲခန်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် မြေဆီလွှာမှာ ပါဝင်တဲ့အာဟာရ ဓာတ်တွေကို စစ်ဆေးနိုင်မယ်၊ မြေကြီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်၊ အဲ့လို စစ်ဆေးနိုင်မှာ ဖြစ်တဲ့အတွက် မြေကြီးပေါ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေကို ဘယ်လိုမြေဩဇာအချိုးနှုန်းနဲ့ သုံးစွဲရမလဲဆိုတာတွေကိုလည်း မူဆယ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ တွက်ချက်ပြီး ဆောင်ရွက်စိုက်ပျိုး နိုင်တော့မှာ ဖြစ်ပါတယ်၊ အဲ့လိုစိုက်ပျိုးနိုင်ခြင်းအားဖြင့် တောင်သူ လယ်သမားတွေအနေနဲ့ ငွေကြေးကုန်ကျမှုတွေ သက်သာလာမယ့်အပြင် မြေဩဇာကို စနစ်တကျ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်၊ မြေဩဇာတွေကို စနစ်တစ်ကျ သုံးစွဲနိုင်မှာဖြစ်တဲ့အတွက် တောင်သူတွေနဲ့ စားသုံးသူတွေအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးမှုတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”လို့ ဓာတ်ခွဲခန်းကို ဖွင့်လှစ်ခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးဒေါ်နန်းလွင်လွင်စိန်က ပြောကြားသည်။

မူဆယ်မြို့တွင် ဓာတ်ခွဲခန်းကို ဖွင့်လှစ်နိုင်ရန် မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်မှ ဦးစီးဦးဆောင်၍ စီမံဆောင်ရွက်ခြင်းဖြစ်ပြီး မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်း၊ ပိုးပွှား ဓာတ်ခွဲခန်းနှင့် အခြား ဓာတ်ခွဲမျိုးစုံကို တပ်ဆင်ထားပြီး ကာလတန်ဖိုး စုစုပေါင်း(၁၉၀)ကျော် တန်ဖိုးခန့်ရှိ ဓာတ်ခွဲပစ္စည်းများကို တပ်ဆင်ထားသည်။

အဆိုပါ ဓာတ်ခွဲခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးစိုင်းနွံနှင့် မူဆယ်ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် မူဆယ်ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှူးတို့က ဓာတ်ခွဲခန်းဖွင့်လှစ်ရခြင်း အကြောင်း အရာများကို အသီးသီး ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာသူများက ဓာတ်ခွဲခန်းများကို လှည့်လည် ကြည့်ရှုကြပြီး မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်တို့၌ ဓာတ်ခွဲခန်းများကို ဖွင့်လှစ်ခဲ့ရာ မူဆယ်မြို့၌ (၁၁)ခုမြောက် ဓာတ်ခွဲခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)