ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနှင့်အဖွဲ့ မိုင်းဖြတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ် မတ် ၃

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည်  မိုင်းဖြတ်မြို့နယ်   ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော   ဦးစိုင်းကျောက်၊ ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ လိုက်ပါသည့်  အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် အ.ထ.က(မိုင်းဖြတ်) ကျောင်း နှင့် အ.ထ.က (ဟိုနား) ကျောင်းများရှိ (၂)ထပ် ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ နှင့် အဖွဲ့ဝင် များသည် မွန်းလွဲ ၂ နာရီခွဲတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရိုးမအလင်းတန်းကုမ္ပဏီမှ တာဝန်ယူ  ဆောင်ရွက်နေသော အ.လ.က (ပါဆန်း)ကျောင်း RCC(၂)ထပ်ကျောင်းဆောင်နှင့် မြို့နယ် ကျေးလက်လမ်းဦးစီးမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော အရှည် ၆ ဖါလုံ၊ အကျယ် (ရေမြောင်းပါ)၂၂ ပေရှိ ဝမ်ဆာ - ဝမ်လွေ ရွာချင်းဆက်  မြေသားလမ်းနှင့် တံတား ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ရှောလမွန်( ပြန်/ဆက်)