ကျောက်တန်း ဩဂုတ် ၂၆
ကျောက်တန်းမြို့ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့ (CVD) နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဘိုးအဘွားများ အား အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၇ နာရီ မှ စတင်ကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်တာဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက် တာဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ် ၊ ဇွန် လ (၃)ရက်နေ့ကတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ အစီအစဉ် ပြန်လည် စတင်ဆောင်ရွက်ခဲ့ပါတယ်၊ အခုတစ်ခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အစီအစဉ်ကို ဒီတစ်ပတ်ပြီးရင်တော့ ခေတ္တ ရပ်ဆိုင်းထားပါ့မယ်၊ ပြန်လည် စတင်မည် ဆိုရင်လည်း စတင်မည့်ရက်ကို အသိပေးကြညာသွားမှာ ဖြစ်ပါတယ် ”လို့ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့ နာယက ဆရာတော် ဦးသုမန က မိန့်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကျောက်တန်းမြို့နယ်အတွင်းမှ အဘိုး(၈၂) ဦးနှင့် အဘွား(၁၂၂) ဦး စုစုပေါင်း( ၂၀၄) ဦးအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်း၊ ဆံသ ခေါင်းညှပ်ပေးခြင်း၊ သွေးပေါင်တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ဆေး ပေးခြင်း၊ ခြေသည်းလက်သည်းများ ညှပ်ပေးခြင်းနှင့် လိုအပ်သည့် ဆေးထိုးဆေးတိုက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)