ရန်ကုန် သြဂုတ် ၂၆
ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည့်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ တောင်ညွန့်ရပ်ကွက်ရှိ (၁၀၉) လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ (၁၈၈) ပေအရှည်ရှိ (၁၀၉)လမ်းမကြီးအား (၁၈) ပေ အကျယ်ဖြင့် (၆) လက်မထု ကွန်ကရစ်ခင်း ခြင်းအား ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ် လမ်းတံတားဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသန်းဟုတ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးရန်အောင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ အဖွဲ့ဝင်များမှ ကွင်းဆင်း ကြီးကြပ်ကာ လိုအပ်သည် များကို ကူညီပံ့ပိုးပေးခဲ့ကြသည်။ ရပ်ကွက်နေပြည်သူများ နေ့စဉ်အသုံးပြု သွားလာနေရသော (၁၀၉) လမ်းကောင်းမွန်သွားပါက ပြည်သူများအတွက် သွားလာရေးတွင် အလွန်အဆင်ပြေ ချောမွေ့သွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)