မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မိုးတွင်းကာလများ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဥမ္မာမြင့်၏ လမ်းညွှန်မှုဖြင့်  ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်များ အတွင်းရှိ နေအိမ်များသို့ အဘိတ်ဆေးများခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို  အပတ်စဉ် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးအဆင့် (၁) ဒေါ်တင်တင်ဝင်း၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေး ဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင်များနှင့် ပါဝင်သောအဖွဲ့တို့က မလွှကုန်း ရပ်ကွက် အတွင်းရှိ  နေအိမ်များမှ ရေလှောင်ကန်များ၊ ရေအိုးများ၊ ရေစည်များအတွင်း Abate (အဘိတ်) ဆေးများခတ်ခြင်းနှင့် အထပ်မြင့် တိုက်ခန်းများတွင်နေထိုင်သူ ပြည်သူများအတွက် Abate (အဘိတ်) ဆေးများ ဖြန့်ဝေပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊  ကျန်းမာရေး ဆိုင်ရာ အသိပညာ ပေး ကြေညာခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများသိရှိစေရန်အတွက် ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)