ရှမ်းရွာသစ် မတ် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ဆောင်ရွက် လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် သားဖွားဆရာမ ဒေါ်နန်းစုစုအောင်နှင့် ဝန်ထမ်းများက အသက် (၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)