ဒဂုံမြို့သစ် သြဂုတ် ၂၆
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန် ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိသည့် မဲစာရင်း ကောက်ခံရေး ပံ့ပိုးကူညီမှုအဖွဲ့နှင့် မြို့နယ် မဲစာရင်း စိစစ်ရေး လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ဌာန ဆိုင်ရာများ ပါဝင်သော မဲစာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီမှ တစ်အိမ်တက်ဆင်း ကောက်ယူရန် လိုအပ်ကြောင်း ပထမအကြိမ်မဲစာရင်းတွင် ပါဝင်သော်လည်း ကျန်ရှိ နေသော မိသားစုဝင်များကို မှတ်ပုံတင်လည်းရှိမယ် ၊ မဲစာရင်းပါဝင်ချင်တယ်ဆိုရင် ပုံစံ(၃)နှင့် လျှောက်ထားနိုင်ပြီး ၊ မဲစာရင်း တွင် မပါဝင်သင့်သူများ ပါဝင်လျှင် ပုံစံ(၄)နှင့်လျှောက်ထားရန်၊ မိမိ၏ ကိုယ်ရေးအချက်အလက်များ မှားနေလျှင် ပုံစံ(၄-ဂ) နှင့် လျှောက်ထားရန်၊ ဒုတိယအကြိမ် မဲစာရင်း ကို ၂၅-၈-၂၀၂၀ ရက်နေ့မှ ၁၄-၉-၂၀၂၀ ရက်ထိ ကပ်ထားမည်ဖြစ်ပြီး (၂၁)ရက်အတွင်း မဲစာရင်းတွင်ပြင်ဆင်ရန် ၊ ဖြည့်စွက်ရန်၊ ပယ် ဖျက်ရန် လုပ်ငန်းများကို အထက်ပါ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားနိုင်ကြောင်းကို ပြည်သူများ သိရှိအောင် ကြော်ငြာ၍ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဒုတိယမဲစာရင်း ကောက်ပြီးချိန်တွင် ဒေသတခုသို့ ရောက်ရှိချိန် ရက်(၉၀) အတွင်း နေထိုင်သူကိုလည်း ပုံစံ(၃) ဖြင့် ထပ်ဖြည့်ရမည် ဖြစ်ကြောင်း ၊ မဲပေးမည့်ဒေသတွင် နေထိုင်သူတလ(သို့) တလခွဲ နေထိုင်သူဖြစ်ပါက မဲပေးခွင့်မဆုံးရှုံး စေရေး အတွက် ယခင်နေထိုင်ခဲ့သော ဒေသမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ မဲဆန္ဒရှင် စာရင်းတွင် ပါဝင် အောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မဲရုံများ တည်ဆောက်ရာတွင် ဒုတိယထပ်တွင်ရှိသော မဲရုံများကို ကျန်းမာရေး မကောင်းသော မဲဆန္ဒရှင်များနှင့် မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးများအတွက် ပထမထပ်သို့ ပြောင်းရွေ့ဖွင့်လှစ်ရန် သမ္မတကြီး၏ ညွန်ကြားချက် နှင့်အညီ ညွန်ကြားထားပြီးဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်၏ လမ်းညွန်ချက်ဖြင့် မဲရုံများကို နိုင်ငံတကာအဆင့်မီ ခိုင်ခန့်တဲ့မဲရုံ များ ဖြစ်ဖို့လိုကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆန္ဒပေးပိုင်ခွင့်ရှိသူ (၁၅၀၁၅၄)ဦးရှိပြီး မဲဆန္ဒရှင် စာရင်းများ ပြန်လည်စိစစ် ကောက်ခံ ပြီးပါက မဲပေးပိုင်ခွင့်ရှိသူဦးရေ တိုးတက်လာနိုင်ကြောင်းကို မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးနန္ဒာအောင် မှ လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝန်ကြီးဒေါ်မိုးမိုးစုကြည်နှင့်တကွ တိုင်းဒေသကြီး ပံ့ပိုးကူညီရေး အဖွဲ့ဝင်များ ၊ တိုင်း/ ခရိုင် ဌာနဆိုင်ရာများ၊ မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
လဲ့လဲ့(ပြန်/ဆက်)