မိုင်းဆတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ယမန်နေ့ နံနက်(၇) နာရီက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးအတွင်းသို့ Mask တပ်ဆင်ပြီး ဝင်ရောက် ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ Mask တပ်ဆင်ထားခြင်း မရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူနှင့် ဈေးဝယ်လာသူများအား Mask တပ်ဆင် သွားလာရန် အသိပညာပေး ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
“နောက်နေ့စစ်ဆေးရင် Mask မတပ်ထားတဲ့သူတွေကို Mask (၁၀)ခု ဝယ်ခိုင်းပြီး (၅)ခုကို COVID-19 အရေးပေါ် တုန့်ပြန် ဆောင်ရွက်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ လှူဒါန်းခိုင်းမှာပါ၊ ဈေးထဲမှာ Mask တပ်ဆင်ထားခြင်းမရှိတဲ့ ဈေးရောင်းချသူနှင့်ဈေးဝယ်လာသူတွေကိုတော့ ဈေးရောင်းချခွင့်နှင့် ဈေးအတွင်းဝင်ရောက်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ပိတ်သိမ်းအရေးယူ သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူကပြောသည်။
“ ကျွန်တော်တို့ ကြောက်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ အပြင် အခုဆို မိုင်းဆတ်မြို့မှာ ဆုံဆို့နာ ရောဂါကလည်း ကပ်ရောဂါအသွင် ဖြစ်နေတာဆိုတော့ ဒေသခံတွေအားလုံး Mask တပ်ပြီး သွားလာဖို့ လိုအပ်တဲ့ အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အခုလို မကြာခဏ စစ်ဆေးကြပ်မတ်ပေးရင် ပိုကောင်း တာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ ကြပ်မတ်စစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး ဦးဆောင်သော မြို့နယ် COVID-19 အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေးကော်မတီဝင်များကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင့်မောင် (ပြန်/ဆက်)