မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့အဝင်/အထွက် ပြည်ထောင်စု လမ်းမကြီးဘေး ရွှေဘုန်းပွင့်ဘုရားရှေ့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် မြို့အဝင်/အထွက်ရှိ ကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင် နေ့စဉ် နံနက်(၈) နာရီမှ ည (၄) နာရီအထိ မြို့အတွင်းသို့ မော်တော်ယာဉ်ဖြင့် ဖြတ်သန်း သွားလာကြသော ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခြင်း၊ မြို့တွင်းလှည့်လည်၍ ပြည်သူများ အနေဖြင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ တတ်နိုင်သမျှ မိမိအိမ်မှာသာ နေရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှာသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ အပြင်ထွက်တိုင်းနှင့် လူစုဝေးရှိသည့် နေရာများ သို့ သွားသည့်အခါတိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပါက လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀)ကြာအောင်ဆေးကြောကြရန် စသည့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)