ကွမ်းခြံကုန်း ဩဂုတ်၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား နှိုးဆော်အသိပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မနက်ပိုင်းကစ၍ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ အဝင်အင်္ဂပူကျေးရွာ၊ ဒေးဒရဲတံတားအဆင်းတွင် စစ်ဆေးရေး ဂိတ်ဖွင့်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်း ဒလမြို့နှင့် လှိုင်သာယာမြို့များသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ် များအား ရပ်တန့်၍ ခရီးသည်တိုင်းနှာခေါင်းစည်း (mask)များ တပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ လက်သန့် ဆေးရည် အသုံးပြု၍ လက်များကို ဆေးကြောရန် ဆောင်ရွက်ပေးခြင်း၊ တတ်နိုင်သမျှ တစ်ဦးနှင့်တစ်ဦး ထိစပ်မှု မရှိအောင် နေထိုင် ကြရန်နှင့် လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ယခုအချိန်တွင် ပြည်တွင်းကူးစက်မှုများ ရှိလာသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
မြို့အဝင် ဂိတ်စစ်ဆေးဆောင်ရွက်မှုသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်သူနှင့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲမှူး လှသူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)