ပုလောမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ပုလော သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသန်း ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့၊ (၄)ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်များ တိုက်ဆိုင်စစ်ဆေးရာတွင် ပုလောမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း၍ အဖွဲ့များခွဲကာ ပုလောမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံများ ဆောင်ရွက်ထားရှိမှု၊ စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှု ရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပုလောမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးက ပုလောမြို့၊ အမှတ် (၁) ရပ် ကွက်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးကျော်ဇေယျက ကြဲကျေးရွာ၊ မြို့နယ်လမ်းဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ပလကျေးရွာနှင့် မြို့နယ်တိုင်းရင်းဆေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက ပုလောကုန်းကျေးရွာများသို့သွားရောက်၍ မဲဆန္ဒရှင်များပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ် တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အေးအေးမော် (ပြန်ဆက်)