ငဖဲ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က အခြေခံပညာ မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များအား ပြိုင်ပွဲစည်းကမ်းများကို ပြောကြား၍ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်ပြီး ကလေးငယ်များ လျှင်မြန်မှန်ကန်စွာ ယှဉ်ပြိုင်တည်ဆောက် တတ်စေရန်အတွက် အိမ်ဆောက်ဂိမ်းပြိုင်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ပေးရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့်ကျောင်းသား ကျောင်းသူ ကလေးငယ် (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း ဒေါ်အေးထက်ထက်(စာရေး)မှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် များအား လီခခ်တိုင်းရင်းသားစာပေမှ ရေးသားထုတ်ဝေသော ကူညီတတ်သော ငှက်ကလေး ပုံပြင်ကိုပြောပြပြီး စာရေးဆရာဂုဏ်ဝင်း ရေးသားသော တိရစ္ဆာန်ဥယျာဉ် ကဗျာများစာအုပ်မှ မြင်းကျားကဗျာကို ရွတ်ဆိုပြခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)