မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ

မိုင်းပန်         ဩဂုတ်       ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်တွင် ယနေ့နံနက် (၆) နာရီအချိန်က စတင်၍ မိုင်းပန်မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ပြန်လည်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် မိုင်းပန်မြို့ အဝင်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့စဉ် နံနက်(၆) နာရီမှ ည (၉) နာရီအထိ မြို့အတွင်း သို့ဖြတ်သန်း၍ မော်တော်ယာဉ်ဖြင့် ခရီးသွားလာ သူများအား အပူချိန်တိုင်းခြင်း၊ ခရီးသွားမှတ်တမ်း ရယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမြန်နေ့ ညပိုင်းတွင် အဆိုပါ ကော်မတီမှ မိုင်းပန်မြို့အတွင်းသို့ လှည့်လည်၍ ပြည်သူများ အနေဖြင့် တိတိကျကျ လိုက်နာ ဆောင်ရွက်ရမည့်အချက်များဖြစ်သည့် တတ်နိုင်သမျှ မိမိအိမ်မှာသာ နေပါရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှာသာနေထိုင်ပြောဆို ဆက်ဆံကြပါ ရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေး ရှိသည့်နေရာများသို့သွားသည့်အခါတိုင်းပါးစပ်နှင့် နှာခေါင်း စည်း(Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊ အပြင်မှပြန်လာပါက လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် ဆေးကြောကြပါရန်၊ နိုင်ငံခြားမှ ပြန်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း     (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ကြရန်၊ တရားမဝင် ပြန်လည် ဝင်ရောက် လာသူများရှိပါက မဖြစ်မနေ သတင်းပို့ပါရန်၊ ရောဂါရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံအရသာပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစသည့်တို့ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဌာန(သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံး သတင်းပို့ပါရန် စသည့် အချက်များအား အများပြည်သူသိရှိလိုက်နာနိုင်စေရန် မော်တော်ယာဉ်ဖြင့်ဆော်ဩခဲ့ပြီး ညစဉ်လိုက်လံ နှိုးဆော် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)