မိုးညှင်း ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီတွင် ဇူလိုင်လကုန်အထိ ကောက်ယူရရှိသည့် စပါးစိုက်ဧကပေါင်း ၁၇၆၉၇၀ တွင် ဆင်းဧကရီ-၃ စပါးမျိုးကို ၁၄၀၉၄၉ ဧကဖြင့် အများဆုံး စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။
တစ်ခရိုင်လုံး အတိုင်းအတာအရ စပါးမျိုးကွဲအလိုက် စိုက်ပျိုးမှု အခြေအနေမှာ မိုးညှင်းမြို့နယ်တွင် ပုလဲသွယ်စပါး ၆၂ ဧက၊ ဆင်းဧကရီ-၃ စပါး ၈၈၄၂၂ ဧက၊ ငွေတိုးစပါး ၁၇ ဧက၊ ကောက်ညှင်းစပါး ၂၀၁၂ ဧက၊ တောင်ယာစပါး ၇၅ ဧက စုစုပေါင်း ၉၀၅၈၈ ဧကစိုက်ပျိုးထားရှိပြီး၊ မိုးကောင်းမြို့နယ်တွင် ဆင်းဧကရီ-၃စပါး ၃၄၃၉၆ ဧက၊ ဧရာမင်းစပါး ၅၀၉၆ ဧက၊ ငွေတိုးစပါး ၂၀၂၉၁ ဧက၊ ကောက်ညှင်းစပါး ၂၄၃၇ ဧက၊ ယာစပါး ၂၇၂ ဧက၊ တောင်ယာစပါး ၁၀ ဧက စုစုပေါင်း ၆၂၅၀၂ ဧကနှင့် ဖားကန့်မြို့နယ်တွင် ပုလဲသွယ်စပါး ၂၀ ဧက၊ ဆင်းဧကရီ-၃ ၁၈၁၃၁ ဧက၊ ဧရာမင်းစပါး ၂၀၆၅ ဧက၊ ငွေတိုးစပါး ၃၀၉၈ ဧက၊ ကောက်ညှင်းစပါး ၂၃၅ ဧက၊ ယာစပါး ၅၀ ဧက၊ တောင်ယာစပါး ၂၈၁ ဧက စုစုပေါင်း ၂၃၈၈၀ ဧက အသီးသီး စိုက်ပျိုးထားရှိသည်။
ဆင်းဧကရီ-၃ စပါးမျိုးသည် မိုးညှင်းခရိုင်အတွင်းရှိ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အပြင် စိုက်ပျိုး ထုတ်လုပ်သူ၊ စားသုံးသူ၊ ဖြန့်ဖြုးရောင်းချသူများ ကြိုက်နှစ်သက်ပြီး အရည်အသွေးကောင်း၍ စပါးအထွက်နှုန်း မြင့်မားသည့်အတွက် ပို၍စိုက်ပျိုးကြကြောင်း၊ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံနှင့် မိုးမိတ်ဒေသများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ဗန်းမောက်၊ ပင်လယ်ဘူး မြို့နယ်များတွင်လည်း ဆင်းဧကရီ-၃ စပါးများကို အဓိက စိုက်ပျိုးကြကြောင်း မိုးညှင်းမြို့နယ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ပြောကြားသည်။
ကျော်ကျော်ထွေး(မိုးညှင်း)