ညောင်ဦး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှု ဖူလုံရေးဉပဒေနှင့် အညီ ဆဌမအကြိမ်မြောက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက Amazing Bagan Resort ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက “ယခုလူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုး ခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်းသည် ခြောက်ကြိမ်မြောက်ဖြစ်ပါတယ်၊ ယနေ့အထိ အလုပ်ဌာန စုစုပေါင်း (၄၆) ခုမှ အာမခံအလုပ်သမား (၁၉၄၇) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၁၀၈,၇၅၂,၃၅၈) ထုတ်ပေးပြီး ဖြစ်ပါတယ်၊ ဆက်လက်၍လည်း အလုပ်ဌာနများမှ အာမခံအလုပ်သမားများအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များ ရရှိရေး တင်ပြထားပါတယ်၊ ကျမတို့ လူမှုဖူလုံရေးအဖွဲ့ဌာနသည် အလုပ်သမားတွေအနေဖြင့် အာမခံထားသင့်တဲ့ အလုပ်ဌာနတစ်ခုဖြစ်ကြောင်း အသိပေးလိုပါတယ် ” ဟု ရှင်းပြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဟိုတယ်များမှတာဝန်ရှိသူများ စုစုပေါင်းဦးရေ (၂၅)ဦးခန့်တက်ရောက်ကြပြီး အကျိုးခံစားခွင့်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံပေးအပ်၍ အခမ်းအနားကို နံနက် ၁၀:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)