ခမောက်ကြီး ဩဂုတ် ၂၅
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်း၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် လိုအပ်ချက်များ မဖြစ်ပေါ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပသည်။
ရှေးဦးစွာ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ လူဦးရေစာရင်းများ မှန်ကန်စေရေး၊ မဲစာရင်းတွင် ပြည့်စုံမှုမရှိသေးသည့် အချက်အလက်များအား မှန်ကန်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကွင်းဆင်း ဆောင်ရွက်ခြင်းတို့အား အရှိန်အဟုန်မြင့် ဆောင်ရွက်ရေးတို့အပြင် ယုဇနဆီအုန်းကုမ္ပဏီမှ မဲဆန္ဒရှင်စာရင်းများသည် အမှတ်(၁)ရပ်ကွက်ရှိမဲဆန္ဒရှင်စာရင်းများအနက် (၇၅) ရာခိုင်နှုန်းရှိရာ သက်ဆိုင်ရာတာဝန်ခံများက ပူးပေါင်းဆောင်ရွက် ပေးကြရန်နှင့် ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေ များအား ညှိနှိုင်းဆွေးနွေးကြရန်စသဖြင့် ဆွေးနွေးပါသည်။
ထို့နောက် ရက်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မဲဆန္ဒရှင်စာရင်းရှိ လိုအပ်ချက်များနှင့် ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ကွင်းဆင်းမည့် အခြေအနေများကို လည်းကောင်း၊ ယုဇနဆီအုန်း ကုမ္ပဏီမှတာဝန်ရှိသူက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဝင်များက လည်းတာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများအား အသီးသီးဆွေးနွေးကြကြောင်း သိရသည်။
နန်းဝင်းဌေး