မိုင်းဆတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျွဲ၊ နွားများတွင်ဖြစ်ပွားသော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်မှစ၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးရုံးတွင် ကျင်းပရာ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ၂၀၁၉ ခုနှစ်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စတင်၍ ကျွဲ၊ နွားများတွင် အရေပြားအကျိတ်နာရောဂါ(Lumpy Skin Disease)ဖြစ်ပွားခဲ့ပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံ များတွင် ဖြစ်ပွားမှုမရှိသေးကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းမှာ (၁၀) ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်း ရှိကြောင်း၊ ထိရောက်စွာကု သနိုင်သောဆေးမရှိသေးကြောင်း၊ Capripox Virus ပိုးမွှား၊ ခြင်၊ ယင် ကိုက်ခံရခြင်းမှ ကူးစက်နိုင်ကြောင်း၊ အရေပြားအကျိတ်နာရောဂါ မဖြစ်ပွားအောင် ကျွဲ၊ နွား အသက်(၃)လမှ (၄)လ အရွယ်တွင် ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များအား သီးသန့် ခွဲထားရန် လိုအပ်ကြောင်းနှင့် ရောဂါပိုးသည် လူသို့ကူးစက်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားပြီး ဟောပြော ပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များ ကို ရှင်းလင်းဖြေကြားပေးသည်။ ၎င်းဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူ(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ယနေ့နံနက်(၈)နာရီက နယ်မြေခံတပ်ရင်းခန်းမဆောင်တွင် ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က တပ်ရင်း/တပ်ဖွဲ့များမှ မွေးမြူရေး တာဝန်ခံ(၃၀)ဦးတို့အား အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)