ရန်ကင်းမြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံများ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကင်း ဩဂုတ်၂၅

ရန်ကင်းမြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church နှင့် ဟိန္ဒူဘုရားကျောင်းများအား မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမင်း‌မောင်မောင် နှင့် ကော်မတီဝင် များ က ယမန်နေ့ မွန်းလွဲ ၁နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Church၊  ဟိန္ဒူ ဘုရားရှိခိုးကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင်  လိုက်နာ ဆောင်ရွက်ရမည့်  သတ်မှတ်ချက်များမှ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ တာဝန်ရှိသူများ လိုက်နာဆောင်ရွက်ရမည့် အချက် များ၊ ဝတ်ပြုဆုတောင်းသူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား သိရှိနားလည်ခြင်းရှိ၊ မရှိ၊ လိုက်နာဆောင်ရွက် ထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော သတ်မှတ်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ပါက ဥပုသ်သီလဆောက်တည်ခွင့်၊ ဝတ်ပြုခွင့် များအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)