နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ၌ COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဟောပြော

နမ့်ဆန် ဩဂုတ် ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု ဇယ်တုန်ဟုန်း ကျေးရွာ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များတို့က COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ကျေးရွာ အလကခွဲကျောင်းခန်းမတွင် ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် ကျေးရွာနေ ပြည်သူများ COVID-19 အကြောင်းကို ပိုမိုသိရှိ၍ ကူးစက်ရောဂါအား မိမိကစ၍ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းကို ဆောင်ရွက်လာစေရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်း ဟောပြော ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ရာတွင် တက်ရောက် လာသည့် ကျေးရွာ မိဘပြည်သူ များအား ခန်းမတွင်း သို့မဝင်မှီ လက်ကိုစနစ်တကျဆေးကြောစေခြင်း၊ နှာခေါင်း စည်းများကို ဝေငှပေးပြီး နှာခေါင်းစည်း ကို စနစ်တကျတပ်ဆင်စေခြင်းနှင့် ခန်းမထဲတွင် (၃)ပေ ခြား၍ ထိုင်စေခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပြီး  ဇယ်တုန်ဟုန်းကျေးရွာ အလကခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြည်က အမှာစကား ပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မှူး ဦးခင်မောင်က ဦးဆောင်၍  COVID-19 စတင်ဖြစ်ပွား ကူးစက် လာပုံအကြောင်း၊ COVID-19 သည် ကူးစက်မြန်ရောဂါဖြစ်သည့်အတွက် မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိရပ်ရွာအတွင်း COVID-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ စနစ်တကျ လိုက်နာ ဆောင်ရွက်တတ်စေရေးကို ဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေး ခဲ့ကြကြောင်းသိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)