နမ္မတူ ဩဂုတ်-၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်တဲ့ ဆံပင်ညှပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ရှေ့ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဒေါ်ယုဝေခိုင်က တိုက်ပွဲရှောင်စခန်းတွင် လာရောက် ခိုလှုံစဉ်အတွင်း တိုက်ပွဲရှောင်ပြည်သူများဘဝ မြှင့်တင်ရန်၊ အသက်မွေးဝမ်းကျောင်း ပညာရရှိ၍ ကိုယ်ပိုင် ဝင်ငွေဖြင့် ဘဝကိုရပ်တည်နိုင်ဖို့ရာ ရည်ရွယ်ပြီး ဆံပင်ညှပ်သင်တန်းအား ဖွင့်လှစ်ပေးခဲ့သည်မှာ ယခုဆိုလျှင် တစ်လခွဲပြည့်ပြီဖြစ်ပြီး တက်ရောက်သင်ယူထားသည့် ပညာရပ်များအားအကျိုးရှိစွာအသုံးချပြီး အောင်မြင် အောင် ကြိုးစားကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူး (IDP)စခန်းတို့မှ သင်တန်းသူ အမျိုး သမီး (၃)ဦးမှ သင်တန်းသူအားလုံးကိုယ်စား သင်တန်းနည်းပြ ဒေါ်နန်းထွေးခမ်းနှင့် ဒေါ်အမ်စီ တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းဖွင့်လှစ် ပေးခြင်းနှင့်စပ်လျဉ်း၍ နမ္မတူမြို့နယ် တိုက်ပွဲ ရှောင် စည်မံခန့်ခွဲမှု ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)