ကျိုင်းတုံ၌ လူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း စေတနာ့ဝန်ထမ်းများ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ကျိုင်းတုံ           ဩဂုတ်    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လူထုအခြေပြုတီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်း စေတနာ့ဝန်ထမ်းများဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် သင်ကြား ပို့ချသည်။

သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ယုနန္ဒာလှိုင်က “တီဘီသံသယ လူနာများအားရှာဖွေ၍ ကျန်းမာရေးဌာနများသို့ ညွှန်းပို့ခြင်းဖြင့် တီဘီရောဂါရှိတဲ့ လူနာများကို ဆောလျင်စွာရှာဖွေ ဖော်ထုတ်နိုင်ရန်၊ တိုက်ရိုက်ကြည့်ရှု အချိန်တိုကုထုံးဖြင့် စေတနာ့ဝန်ထမ်း တီဘီဆေးတိုက်ကျွေးသူများအဖြစ် ဆောင်ရွက်နိုင်စေရန်နှင့် တီဘီရောဂါအကြောင်း ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု များ တီဘီရောဂါအကြောင်း ပိုမိုသိရှိ လိုက်နာ ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါသင်တန်းတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း “စေတနာ့ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး ဆိုင်ရာ သင်ရိုးစာအုပ်”မှ တီဘီရောဂါအကြောင်း၊ တီဘီရောဂါရှာဖွေခြင်း၊ တီဘီဆေးကုသမှုပေးခြင်း၊ တီဘီရောဂါ ကာကွယ်ခြင်း၊ တီဘီဆေးတိုက်ကျွေးသူများ၏အခန်းကဏ္ဍ၊ တီဘီရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်တွင် အသုံးပြု မည့်ပုံစံများ စသည့်သင်ခန်းစာများကို ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း၊ သင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်း သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး ဩဂုတ် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)