ကျောက်ပန်းတောင်း ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြမြလင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးအောင်ကျော်နိုင်နှင့် ဈေးအကျိုးတော်ဆောင်များလိုက်ပါလျက် မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် စားသောက် ကုန်အရောင်းဆိုင်များနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ် အသားများ မဖော်ပြထားသည့် ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ၊ ကုန်ညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ အစရှိသည့်အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းရှိ/မရှိနှင့် Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုးစားသောက်ကုန်များ FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှုရှိ/မရှိ၊ ကုန်အညွှန်းများ ဖော်ပြရာတွင် သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ပြောပါသည်။
နေအောင်(ပြန်/ဆက်)