ကျောက်ဆည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈) နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းနှင့် မြို့နယ်အတွင်းရှိ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များသည် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းခြင်းများဆောင်ရွက်ရာတွင် လိုအပ်မှုများမရှိစေရေးအတွက် ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ဝန်ထမ်းများမှလှူဒါန်းသည့် သွေးများလက်ခံနိုင်ရန်အတွက် သွေးလှူရှင်များအား ကိုယ်ရေးမှတ်တမ်းရယူခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းများပြုလုပ်ခဲ့ကြပြီး သွေးများကိုလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလှူဒါန်းရာသို့ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် မြိုနယ်ရဲတပ်ဖွဲ့ရုံးမှ ရဲဝန်ထမ်းများ၊ ကျောက်ဆည် မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းများမှ ရဲဝန်ထမ်းများ၊ အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၇) ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ရာ အေသွေး (၁၇) အိတ်၊ ဘီသွေး (၁၃) အိတ်၊ အိုသွေး (၂၄) အိတ်နှင့် အေဘီသွေး (၃) အိတ်တို့အား သွေးတာဝန်ခံ ဒေါက်တာအောင်အောင်ဦးနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ကြပြီး သွေးလှူရှင်များ အာဟာရများပြည့်ဝစေရေးအတွက် အချိုရည်ဗူးများ၊ မုန့်များနှင့် ကြက်ဥများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)