မန္တလေး ဩဂုတ် ၂၅
မန္တလေး၊ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ၁၉ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်----အသက် (၂၃) နှစ် သည် တစ်ဦးတည်း မောင်းနှင်လာသော Pajero ခဲရောင်ယာဉ်မှာ ယနေ့နံနက် (၇) နာရီ (၁၀) မိနစ်ခန့်က ၁၉ လမ်းနှင့် ၆၆ လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကျုံးရေပြင်ထဲသို့ပြုတ်ကျရာ ယာဉ်မောင်းဖြစ်သူ မောင်----သေဆုံးသွားကြောင်း သိရသည်။
ကျုံးရေပြင်ထဲသို့ ပြုတ်ကျသည့်ယာဉ်အား အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းနှင့် စေတနာမေတ္တာလူမှုရေးအသင်းတို့မှ အဖွဲ့ဝင်များပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရာ နံနက် (၇) နာရီ (၂၀) တွင် ယာဉ်မောင်း မောင်----အားဆယ်ယူရရှိပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ နန်းတော်ရှေ့လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ နံနက် ၇ နာရီခွဲအချိန်တွင်ရောက်ရှိ၍ တာဝန်ကျဆရာဝန် ဒေါက်တာနေဝင်းအောင်မှ လက်ခံစစ်ဆေးခဲ့ပြီး စစ်ဆေးချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။
နစ်မြှုပ်နေသည့်ယာဉ်အား နံနက် ၇ နာရီ ၅၅ မိနစ်တွင် ဆယ်ယူနိုင်ခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ အမှတ် (၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)