ကျောက်ပန်းတောင်း ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင် ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ပေးအပ်ပွဲကို၊ ယမန်နေ့ညနေ(၃)နာရီက မကျီးတိုင်းကျေးရွာ ကြက်မောက်တောင်ဆည် ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ရာစိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က နှစ်အလိုက် မိုးရွာသွန်းမှု အခြေအနေနှင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးစီး ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဘိုးနှင့်အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် ထောက်ပံ့ပေးအပ်နိုင်မှုအခြေအနေများကို ရှင်း လင်းပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက တိုင်းဒေသကြီးအတွင်း CERP အစီအစဉ်အရ ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကာကွယ်နိုင်မှာဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းကုစားမှုအစီအစဉ်များ အတွက်လည်း များစွားဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်တာဝန်ရှိသူများမှ လိုအပ်သလို ဝိုင်းဝန်းကူညီဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား အုပ်စုအလိုက် ထောက်ပံ့ကြေးငွေများ ပေးအပ်ကြပြီး၊ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်အကျိုးဆောင်တောင်သူ (၂၃၉) ဦး၏ စိုက်ပျိုးဧက (၂၂၁) ဧကအတွက် ပထမအကြိမ် တစ်ဧကလျှင် မျိုးစေ့ဖိုး ၈၅၀၀ ကျပ်နှင့် အပင်ပြုစုစရိတ် ၇၅၀၀၀ ကျပ် စုစုပေါင်း (၈၃၅၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၁၈၄၅၃၅၀၀) ကျပ် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတိုးမင်း၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)