မြစ်ကြီးနားမြို့နယ် ပထမအကြိမ် မဲစာရင်းကြေညာထားရှိမှုတွင် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူများ စာရင်းပြင်ဆင် ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား  ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ‌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့အထိ ကြေညာထားရာ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းကြည့်ရှုပြီး သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့် လျှောက်ထားရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ မဲစာရင်း ကြေညာကပ်ထားရာတွင် မဲစာရင်းလာရောက်ကြည့်ရှုပြီး ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၄၂၇၆) ဦး၊ ပုံစံ(၄)ဖြင့် လျှောက်ထားသူ(၂၁၇၂)ဦး နှင့် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ( ၂၈၈၄)ဦး စုစုပေါင်း  (၇၃၃၂ )ဦး ရှိပြီး ဩဂုတ်လ(၂၄)ရက်နေ့ ညနေပိုင်းအထိ စာရင်းများအရ ပုံစံ(၃)လျှောက်ထားသူ(၃၄၁၈)၊ ပုံစံ(၄) လျှောက်ထားသူ (၁၈၀၈)၊ ပုံစံ(၄-ဂ)လျှောက်ထားသူ(၂၄၃၅) ဦးတို့ကို စိစစ်ပြင်ဆင် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် စာရင်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် မြစ်ကြီးနားမြို့နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၂၇၉၄၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝင်းသီတာ‌‌အောင်ထံမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)