ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP ) အရ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ရှမ်းရွာသစ်  ဩဂုတ်  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေနည်းလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးရန်ရည်ရွယ်၍ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအားထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့က ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစု မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအား တောင်သူများလိုအပ်သည့်ပမာဏကို အလွယ်တကူရရှိအသုံးပြုနိုင်ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများအပေါ်ထိခိုက်မှုမရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားပြီးနောက် မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်မောင်က အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ စိုက်ဧကအပြည့်အဝအကောင်အထည်ဖော်နိုင်ရန်၊ မှန်ကန်သည့်တောင်သူများရွေးချယ်ပေးနိုင်ရန်နှင့်  မျိုးစေ့ထုတ်တောင်သူများစိုက်ပျိုးရေးအတွက် လိုအပ်သည်များကို ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ထောက်ပံ့ငွေပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်မောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ပြီး မဲသမူးကျေးရွာ၊ ကွီးလေးကျေးရွာနှင့် ကွမ်းတောကျေးရွာတို့မှ မျိုးစေ့ထုတ်စိုက်ဧက (၂၈) ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၈၃၅၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၃၃၈၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်‌လေး(ပြန်/ဆက်)