ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကူညီဆောင်ရွက်ကြသည့် စေတနာ့၀န်ထမ်းအဖွဲ့အား အသိအမှတ်ပြုဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲနှင့် ဘက်စုံထူးချွန် လူရည်ချွန်(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပုလော   သြဂုတ်လ    ၂၅

ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကူညီဆောင်ရွက်ကြသည့် ပုလောမြို့အမှတ် (၁)ရပ်ကွက်မှ စေတနာ့၀န်ထမ်းဦးဆောင်သော Volunteer အဖွဲ့အား အသိအမှတ်ပြုဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ပွဲနှင့် ဘက်စုံထူးချွန် လူရည်ချွန် (၂) ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ည ၇ နာရီက ပုလောမြို့ အမှတ် (၁) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ချီးမြှင့်ပွဲကို ပုလောမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ လူငယ်လေးများ လူမှုရေးအသိစိတ်ဓာတ်၊ နိုင်ငံရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်တတ်စေရန်၊ လူငယ်များလမ်းမှားပေါ်သို့ မရောက်စေရန်နှင့် အတုယူအားကျတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပုလောမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက ပြောကြားခဲ့ပါသည်။

ချီးမြှင့်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ၀န်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ (၇) ဦး၊ ၂၀၂၀ ပြည့်နှစ် ဘက်စုံထူးချွန် (၂) ထပ်ကွမ်း လူရည်ချွန် မစုမြတ်မြတ်ဇော်နှင့် လူရည်ချွန် မစီဒီထွေး (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်၀င်တန်း ၃ ဘာသာဂုဏ်ထူးရှင်)၊ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကူညီဆောင်ရွက်ကြသည့် အမှတ်(၁) ရပ်ကွက် မှ စေတနာ့၀န်ထမ်း  (၂၀)ဦး၊ စုစုပေါင်း (၂၉) ဦး အား အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာ၀န်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)