လွိုင်လင် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည် ထူထောင် နိုင်ရေးအတွက် ငါးမွေးတောင်သူများသို့ ငါးသားပေါက်များထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနရုံး တွင်ကျင်းပကြောင်းသိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ငါးမွေးတောင်သူများသို့ ငါးသားပေါက်များထောက်ပံ့ခြင်း အခမ်းအနားတွင် ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီဟထွေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် လွိုင်လင်ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့် က ငါးသားပေါက်များ ထောက်ပံ့ ပေးအပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ် ငါးမွေးတောင်သူ (၁၇) ဦး ၏ ငါးမွေးဧက ( ၃၃.၆၂၈)အတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀)နှုန်းဖြင့် တစ်ဦးချင်း၏ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
လွိုင်လင်တစ်ခရိုင်လုံးအနေဖြင့် လိုင်စင်ပြုလုပ်ပြီးနှင့်ပြုလုပ်ရန်စီစဉ်နေသည့် ငါးမွေးဧကစုစုပေါင်းမှာ ( ၇၀၀) ကျော် ဧကရှိကြောင်း ၊ ငါးစားသုံးသူပြည်သူ (၉)သိန်းကျော်ရှိကြောင်း ၊ ခရိုင် အတွင်း ငါးထုတ် လုပ်မှုမှာ တစ်သိန်း ကျော်ရှိကြောင်း ၊ ပြင်ပမှစီးဝင်မှုမှာ တစ်သိန်းကျော်ရှိကြောင်း ၊ ဒေသတွင်း ငါးထုတ်လုပ်မှုမှာ နည်းပါး နေကြောင်း ၊ ဒေသတွင်း ငါးမွေးတောင်သူ များတိုးပွားလာစေရန် ၊ ငါးထုတ် လုပ်မှုများ တိုးတက် လာစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ နည်းပညာနှင့် ငါးသား ပေါက်များကို ကူညီထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း လွိုင်လင်ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့် က ပြောကြားသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသူများ ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ ငါးမွေးတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)