လမ်းမတော် ဩဂုတ် ၂၅
လမ်းမတော်မြို့နယ် UMFCCI တွင် (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး များကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဗရတ်ဆင်းနှင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E.Mr. Tran Tuan Anh မှ အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး ASEAN-Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ Dr. Doan Duy Khuong မှ ASEAN Business & Investment Summit, ASEAN Business Awards, Digital Stars Legacy Project များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။
၎င်းနောက် ASEAN-BAC မလေးရှားနိုင်ငံဥက္ကဋ္ဌမှ COVID-19 Response ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ASEAN-BAC စင်ကာပူနိုင်ငံ ဥက္ကဋ္ဌမှ SG Connect Logistics Center Project နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ASEAN-BAC ဖိလစ်ပိုင်နိုင်ငံ ဥက္ကဋ္ဌမှ ASEAN Mentorship for Entrepreneurs Network နှင့်ဆက်စပ်၍ လည်းကောင်း၊ ASEAN-BAC ထိုင်းနိုင်ငံ ဥက္ကဋ္ဌမှ Digital Trade Connect ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်း၊ မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ် စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများမှ COVID-19 ကြောင့် ဖြစ်ပွားသော စီးပွားရေးထိခိုက်မှုများကို လျှော့ချနိုင်ရေး၊ ကုစားရေးတို့အတွက် အစိုးရ-ပုဂ္ဂလိက ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဒေသတွင်းထုတ်လုပ်မှု ကွင်းဆက်များ ခိုင်မာအားကောင်းစေရေး၊ ကိုဗစ်အလွန် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပြန်လည်တိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်