ကျောက်တံတားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတား ဩဂုတ် ၂၅

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကွင်းဆင်း ကြီးကြပ် စစ်ဆေးရေး နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၂:၃၀) နာရီက ကျောက်တံတားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်က ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေငြာပါက ပုံစံ(၃) ဖြင့် လျှောက်ထားသူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနှင့် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေး အတွက် မြို့နယ် ကြီးကြပ်ရေးကော်မတီမှ  သေချာစွာ စိစစ် ဆောင်ရွက်ပေးပါရန် ပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်း (သင်္ချာအောင်သင်း)တို့က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲ ကာလ အတွင်း မဲဆန္ဒရှင်များအပြောင်းအရွှေ့ဖြစ်ပေါ်လာပါက မိမိ မြို့နယ်တွင် မဲပေးချင်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လျှောက်ထားစေရန်၊ မိမိ အမည်မဲစာရင်းတွင် မပါဝင်ပါက မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆို လွှာ ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေပါက ကန့်ကွက် လွှာ ပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ) ဖြင့် လည်း ကောင်း တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိ နိုင်မည်ဖြစ်သဖြင့် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင် စာရင်းကို ရရှိရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အိမ်တိုင်ရာ ရောက် သေချာစိစစ်ပေးရန်  စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင် ရာ တာဝန်ရှိများ၊ ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ရွှေနန်းမေ