တိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီမြို့နယ်အတွင်းမှ လေဘေးသင့်နေအိမ် (၃၉) လုံးနှင့် ဘာသာရေး အဆောက်အဦအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

တနင်္သာရီ ဩဂုတ်လ၂၄

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂ရက်၊ ၃ရက်၊ ၄ရက်) နေ့များ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၂) စုတို့မှ ကျေးရွာ (၂၂) ရွာထဲမှ လူနေအိမ် (၃၉) အိမ်နှင့် ဘာသာရေးအဆောက်အဦတစ်ခု ပြိုကျ/ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမအတွင်းမှာ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ဝန်ထမ်းများ၊ လေပြင်းတိုက်ခတ်ခဲ့သည့် ကျေးရွာ အုပ်စု (၁၂) စုမှ အုပ်ချုပ်ရေးမှူးများနှင့် နေအိမ်ပြိုကျ/ပျက်စီးခြင်းခံခဲ့ရသည့် လေဘေးသင့်အိမ်ထောင်ဦစီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က လေဘေးသင့်ဖြစ်စဉ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးပို့သော လေဘေးသင့်ထောက်ပံ့ငွေနှင့်ပတ်သက်၍ နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးမှု/တစ်စိတ်တစ်ပိုင်းပျက်စီးမှုအရ ထောက်ပံ့ပေးသည့်နှုန်းများကို ပွင့်လင်းစွာ ရှင်း လင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ဒုတိယဦးစီးမှူး ဦးတင်ထွန်းအောင်တို့က လေဘေးသင့်နေအိမ်များမှ အိမ်ထောင်ဦးစီးများထံ လေဘေးသင့်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးကြောင်း၊ လူနေအိမ် (၃၉) လုံးနှင့် ဘာသာရေးအဆောက်အဦ တစ်လုံးတို့အတွက် ထောက်ပံ့ငွေစုစုပေါင်းမှာ (၅၆ သိန်း၅သောင်း) ကျပ်ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် လူနှင့် တိရိစ္ဆာန်များထိခိုက်မှုမရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း