မိုးညှင်း မတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လာရောက်ကြသူများအား COVID– 19 ရောဂါကာကွယ်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ နှားခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို နေ့စဉ်ဖြန်ဝေပေးလျက်ရှိကြောင်းသိရသည်။
“ပွဲတော်ဖွင့်ပွဲရက်ကနေစပြီး ဝေခဲ့တယ်၊ ဒီနေ့ဆို(၄)ရက်မြောက်ရှိပြီဖြစ်ပြီး လက်ကမ်းစာစောင် ၄၀၀၀ လောက်ရိုက်ထားတယ်၊ အဓိကတော့ ပွဲတော်လာရောက်သူတွေ သတိထားဆင်ခြင်နိုင်အောင် ဖြန့်ဝေခြင်းဖြစ်တယ်”ဟု ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင် ဦးစိုးလွင်က မတ်လ ၅ရက်နေ့ နံနက် (၁၁)နာရီ အချိန် ကပြောကြားသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး၊ မီးသတ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြက်ခြေနီစသည့် ဌာနများ နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပွဲတော်မုခ်ဦးလမ်းမပေါ်တွင် ဖြန့်ဝေပေးခဲ့ကြသည်။
နှားခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအပြင် ပွဲတော်၏ အဓိကအချက်အခြာကျသောနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID – 19 နှင့် ပတ်သက်သည့် အသိပညာပေးဗွီနိုင်းပိုစတာများကိုလည်း စိုက်ထူထားရှိခြင်းနှင့် ကျန်းမာရေးအသိနှင့် လက်ဆေးရန် ရေစင်များကိုလည်းပြုလုပ်ထားရှိသည်။
သိမိုင်းဝင် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ၁၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ (၁)ရက်နေ့မှ(၈)ရက်နေ့အထိကျင်းပလျက်ရှိကြောင်းသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)