ဘားအံ ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၄၈ စင်တီမီတာမြင့်တက် လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါသံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် ရေများဝင်ရောက်လျက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်းများကို အမှတ်(၁)မိုးလုံလေလုံအားကစားခန်းမ၊ ရွှေယာဉ်မျှော်ဘုရား၊ ဆိုင်ကလုံးရှပ်တာများတွင် ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်/ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (ဇွဲကပင်ပုံရိပ်)အဖွဲ့များက စိစစ်နေရာချထားပေးလျက်ရှိကြောင်း သိရှိရသည်။
စိုးစိုးအေး