(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား တောင်သာမြို့၌ ကျင်းပ

တောင်သာ ဇန်နဝါရီ ၄

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီမိနစ် ၂၀ က တောင်သာမြို့စည်ပင်သာယာရုံးအတွင်းရှိ  လွတ်လပ်ရေးကျောက်တိုင် ကွင်းရှေ့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက်တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ သဝဏ်လွှာကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်လုံခြုံရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)