မြိတ် ဇန်နဝါရီ ၂
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ရေပုန်းရပ်ရှိ မြိတ်ကက်သလစ် ခရစ်ယာန်ပရဟိတဂေဟာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ခဲ့သည်။
ကရင်သက္ကရာဇ် (၂၇၆၁) ခုနှစ် ရှိခဲ့ပြီဖြစ်သည့် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို မြိတ်ကက်သလစ် ခရစ်ယာန်ပရဟိတဂေဟာမှ ကျောင်းသား/သူများက နှစ်သစ်ကူးအဖွင့်သီချင်းနှင့် ပဝ-သာယာကုန်းဒုံးယိမ်းအဖွဲ့ မှ ကရင်ဒုံးယိမ်းအကတို့ဖြင့် သီဆိုကပြ၍ ဖွင့်လှစ်ခဲ့ကြပြီး သဘာပတိ မော်လမြိုင် ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ဘစ်ရှော့ရေမွန် စောဖိုးရေ က နှစ်သစ်ကူးအမှာကားပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးမြတ်ကိုက ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးခဲ့သော သမိုင်းဝင်နေ့လည်းဖြစ်ပြီး ထိုနေ့ကို ကရင်တစ်မျိုးသားလုံး၏ မိဘဘိုးဘေးတို့ထံမှ လက်ဆင့်ကမ်းပေးခဲ့သည့် တစ်ခုတည်းသောအမွေအနှစ် နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ယူပါ ကြောင်း၊ ကရင်တိုင်းရင်းသားများတွင် အင်မတန်ချစ်စရာကောင်းသည့် ရိုးရာဓလေ့များစွာရှိကြောင်း၊ ထိုဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းခြင်းနှင့်အတူ မိမိတို့၏စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာတေးသီချင်းများ၊ စကားထာများ၊ တူရိယာများ၊ ဝတ်စားဆင်ယင်မှုများအား မူရင်းအနှစ်သာရများ မပျောက်ပျက်အောင် အစဉ်အမြဲထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ စာပေနှင့်အနုပညာများ မပျောက်ပျက်စေရန် နိုင်ငံတော် အစိုးရကလည်း အားသွန်ခွန်စိုက် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း နှစ်သစ်ကူး အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေးပို့သော သဝဏ်လွှာ အား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က ဖတ်ကြား၍ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ(ဗဟို)ရန်ကုန် က ပေးပို့သည့် သဝဏ်လွှာအား နော်စိုးအိအိဇော် က ဖတ်ကြားသည်။ ကရင် နှစ်သစ်ကူးပွဲတော်တွင် ကရင်နှစ်သစ်ကူးပွဲတော် သမိုင်းမှတ်တမ်းအား ဖတ်ကြားခြင်း၊ ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခြင်းဖြင့် (၂၀၂၂)ခုနှစ် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပခဲ့သည်။
နှစ်သစ်ကူးပွဲတော်ကို ဝန်ကြီးချုပ်နှင့်အတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မော်လမြိုင် ကက်သလစ် သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်၊ မြိတ်ကက်သလစ် သာသနာ ကျောင်းထိုင်ဆရာတော် ဖာသာဘရူးနိုဖိလစ်၊ ကရင်တိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )