ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင် တက်/ဆင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင် စေရန်၊ ခြေလျင်တောင်တက်အားကစားကို လူအများ စိတ်ပါဝင်စားလာစေရန်နှင့် အဆိုပါ အားကစားနည်းအား လေ့လာလိုက်စား ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ပိုမိုကျန်းမာကြံ့ခိုင် လာစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်း ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီခန့်က ဇွဲကပင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ၊ တံတားဖြူမှ စတင်တာလွှတ် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို အသက်(၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲ၍ ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၄၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဇွဲကပင်အရှေ့ခြမ်း သစ်ချကျေးရွာ တံတားဖြူထိပ်၌ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်များက အမြင့်ပေ ၂၇၂၇ ပေရှိ မတ်စောက်သောတောင်ကို ကျော်၍ ဇွဲကပင်အနောက်ခြမ်း တော်ပုံကျေးရွာ အလယ်တန်းကျောင်းခွဲရှေ့၌ ပန်းဝင်ခဲ့ ကြသည်။

ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲတွင် အသက်အပိုင်းအခြား၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆုမှ နှစ်သိမ့် ဆုထိ ဆုပေါင်း (၂၀) ဆုစီကို ချီးမြှင့်ပေးခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နှစ်သိမ့်ဆုရရှိသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက်(၄၀)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကို ဂုဏ်ပြုဆုငွေနှင့်ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီ းဦးဇော်ဝင်းက အသက်(၄၀)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကိုလည်းကောင်း၊ ဇွဲကပင်တောင် ဆရာတော် ဘုရားကြီး မဟာမင်္ဂလာဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဝိဓဇ က အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီး ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား သီးခြားဂုဏ်ပြုဆုများကိုလည်းကောင်း၊ ရပ်မိရပ်ဖဦးစောဖိုးနီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့က အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း၊ ဇွဲကပင်တောင် သို့ ၂၂၉ ကြိမ်မြောက် တက်ရောက်ခဲ့ပြီး အသက်(၄၀)နှစ်အထက်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော လှာကဒေါင်ကျေးရွာမှ ဦးသန်းဇော်အား ဘားအံတောင်တက် အသင်းဥက္ကဋ္ဌက ဂုဏ်ပြုဆုကိုလည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက အသက်(၄၀)နှစ်အထက် အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဇွဲကပင်တောင် တက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဝါးဆူးကျောင်းတိုက်မှ ဦးပဇင်း ဦးကောသလအား အထူးဆုနှင့် အသက်အကြီးဆုံး အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၃) ဦးတို့ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)