မိုင်းယောင်းမြို့နယ်၌ သံဃာတော်များအား နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်း

မိုင်းယောင်း  ဇန်နဝါရီ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးတွင် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးစေရန် သံဃာတော်များအား နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ရှေးဦးစွာ မိုင်းယုဆရာတော်ထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် အန္တရာယ်ကင်း ဘေးကင်းတရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္ဈာယ်တော် မူကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်းနှင့် အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း